Blogger Widgets

Thursday, December 27, 2012

မြန်မာနိုင်ငံမြို့ကြီးတွေမှာ VISA ကဒ်နဲ့ ငွေထုတ်နိုင်ပြီ




နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Visa ငွေထုတ်ကဒ် ကိုင်ဆောင်ထား သူတွေဟာ နိုင်ငံခြားဧည့်ခရီးသွားတွေ အများစုသွားလာလည်ပတ်ကြတဲ့ နေရာတွေနဲ့အတူ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး စတဲ့ မြို့တွေမှာ ရှိတဲ့ သမဝါယမဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေမှာ တပ်ဆင်ထားတဲ့ ATM ခေါ် ငွေထုတ်စက် အလုံး ၉ဝ မှာ စတင်ငွေထုတ်နိုင်ပြီလို့ သိရပါတယ်။
ဒါဟာ ခေတ်မှီတဲ့ နည်းစနစ်နဲ့ ငွေသုံးစွဲမှု အလွဲအပြောင်းကိစ္စတွေကို  မြန်မာနိုင်ငံမှာ အောင်မြင်စွာ စတင်အသုံးပြုလာနိုင်တာဖြစ်ပြီး၊ VISA ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အာမခံချက်တွေအတိုင်း ဆောင်ရွက်သွားဖို့ VISA ကုမ္ပဏီကလည်း သဘောတူလက်ခံထားကြပါတယ်။
အခုလို VISA ကဒ် ကုမ္ပဏီနဲ့  မြန်မာပြည်တွင်းကဘဏ်တွေ အတူတကွလက်တွဲလုပ်ဆောင်နိုင်တာကို ဂုဏ်ယူကြောင်းနဲ့ ဒါဟာ ခေတ်မှီတဲ့ နည်းစနစ်တွေနဲ့  ငွေကြေးသုံးစွဲမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းအစဖြစ်တယ်လို့လည်း VISA ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ၂ဝ၁၃ ကျရင် ဆီးဂိမ်း အရှေ့တောင်အာရှ အားကစားပွဲတော်နဲ့  ကမ္ဘာ့စီးပွားရေးဆိုင်ရာ ညီလာခံကြီးတရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အစီအစဉ်ရှိပြီး အခု အကောင်အထည်ဖေါ်လိုက်တဲ့ ငွေထုတ်စက်တွေဟာ အများအတွက် အကျိုးများမယ်လို့ အကဲခတ်ပုဂ္ဂိုလ်တွေက ပြောပါတယ်၊
 www.MyanmarExpress.net

No comments: